နတ်ဆိုးလေးအိမ် လာလည်ရန် ဖိတ်ခေါ်ပါသည်။
Pages
Monday, November 5, 2012
သင်ရောဒီလိုချစ်နျိင်ပါ့မလား?
---ချစ်နိုင်ပါစေ.....
အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
<^_^>>>>>>>>>>>>>>>>>>>>>>>>>
ရည်းစားနဲ့ ချစ်သူကွာဟချက
ရည်းစား .....♥♥♥
ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့
်ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........
ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......♥♥♥
ချစ်သူ.........♥♥♥
လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥
သည်စာကိုဖတ်ပြီး၁၀မိနစ်အတွင်းမျာ သူဆုတောင်းပြည့်ခဲ့တယ
အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ 
ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို့ ကျမသူငယ်ချင်းတစ်ယောက်က ကျမကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။ အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို့ ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ့ မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင် တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ 
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို့ တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ အမြန်ယူထားလိုက်တော့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့  စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။ ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။ ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့ အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက် နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။
သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။
ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။
သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း လုပ်သွားပါ။
ကိုင်း . . . စလိုက်ကြရအောင်။
ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။
သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး ပေါ်လာတာတွေကိုသာ ချရေးပါနော်။
ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။ လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။
စပါပြီ . . .
(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။ နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ့ နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊ မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊ မြန်မြန်လေး)
ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင် အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။
(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊ သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။ (အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။
သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ နောင်တရနေလိမ့်မယ်။
(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )
(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်
အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ် နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ့ သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊ အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည် သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ့ လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။
ဘ၀နှင့်ကျွနှပ်
သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။
သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။
သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကိုအလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။
ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။
ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်းသိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကိုပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။
ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ရပါတယ်။
ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာမလိုပါဘူး။
ဖြေရှင်းလို့ မရနိုင်ဘူးဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။
အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။
မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
မျက်နှာကိုပြုပြင်လိုက်တာ (Changing the Face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the Change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။
ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။
ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ
ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ" ဆိုတာ ဖြစ်လာပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာအလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။
ဒါကြောင့် သင့်ဘ၀မှာနာကျင်မှုခံစားရမှုတွေများလာလေ သင့်ရဲ့ တန်ဖိုးတက်လာလေပါပဲ။
အချစ်ကိုနားလည်သော
ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။
သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
"ဗျို့ ... ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။" လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
"ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။" လို့ ငြင်းလိုက်တယ်။
ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
"ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။"
ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ "ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။"
"အို ... အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။" လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။
ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။
အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို "လာ အချစ်။ ငါနဲ့ လိုက်ခဲ့။" ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။
ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
"ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ"
"အဲဒါ အချိန် ကွဲ့" လို့ အဘိုးအို ပြန်ဖြေတော့ "အချိန်" လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့"
တခြားတစ်ဦးရဲ့ နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ
အရမ်းချစ်ကျတဲ့ ချစ်သူနှစ်ယောက်ရှိတယ်. ဘယ်လောက်ထိချစ်လဲ ဆိုတော့
> သူတို့အတွဲကို ကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်လေး
> မှာနှလုံးရောဂါရှိခဲ့တယ် ... အဲ့ဒီနှလုံးရောဂါက နှလုံးအစားထိုးပြီး ကုသမှ
> ပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက မှတ်ချက်ချကြတယ် ....
> ဒီလိုနဲ့သူတို့ အတွဲ အရမ်းဝမ်းနည်းကြေကွဲ ရတာပေါ့ ... ဒီလိုနဲ့နေလာရင်းနဲ့
> နှလုံးအလှူရှင် ပေါ်လာတယ် ..ကောင်မလေးကအတိုင်းမသိ ၀မ်းသာခဲ့တယ်.
>>> သူ့ချစ်သူလဲ ခဏတာ ခဏတာပျော်ရွင်ခဲ့တယ်..ဒါ့ပေမယ့် ကောင်လေးက
> လက်မခံခဲ့ဘူး..ဒါကို ကောင်မလေးက လုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့
> ....xxx....xxxx..
>>> အလွမ်းအဆွေးများစွာနဲ့ ကောင်မလေးကိုလူ့လောကအလယ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး
> လူ့လောကထဲကနေ အပြီးထွက်ခွာသွားတော့တယ်...ကောင်မလေး က သေမတတ်ခံစားရင် အိပ်ရာ ပေါ်မှာလဲနေတော့တာပေါ့....
>>> ဒီအချိန်မှာ ကောင်လေးရဲ့ အမေက စာလေးတစ်စောင်ကိုင်ပြီး ကောင်မလေးအနားကို
> ရောက်လာခဲ့တာပေါ့ ...ကောင်လေးအမေကပြောတယ် ဒီစာလေးဟာသူသားမသေခင်က ရေးသွားတဲ့စာလို့ .....
>>> ဒီလိုနဲ့ကောင်မလေးကအိပ်ယာပေါ်ကနေ လူးလှဲထပြီး စာရွက်ကိုလှမ်းယူပြီး
> ဖတ်တာပေါ့.....စာကတစ်ကြောင်းလေးပါပဲ.....
>>>
>>>
>>>
>>> "ကိုယ်ချစ်တဲ့ မင်းလေးကို တခြားတစ်ဦးရဲ့
> နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ" ..တဲ့
ချစ်ဇနီး
အဲဒီနေ့ ညနေခင်းကို ကျွန်တော်တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီညနေခင်းမှာ ခါတိုင်းလိုပဲ အားကစားသတင်း ကြည့်နေတဲ့ကျွန်တော့်ကို ရေချိုးခန်းထဲ ထွက်လာတဲ့မိန်းမက "မောင်... ခင့်ခြေထောက်မှာ ဘယ်လိုဖြစ်ပြီး မှဲ့နက်တစ်လုံး ပေါ်လာတာလဲ မသိဘူး?" လို့ ပြောတယ်။
ကျွန်တော်က ဆေးပညာဗဟုသုတ နည်းပါးသူပါ။ မိန်းမတွေဆိုတာ ကိစ္စသေးသေးမွှားမွှားကို ရေးကြီးခွင်ကျယ် လုပ်တတ်တဲ့အမျိုးမို့ သူပြောတာကို ကျွန်တော်အရေးမလုပ်ခဲ့ဘူး။
ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးက စိတ်သဘောထားညီတယ်၊ ငြိမ်းချမ်းတယ်လို့ ဆိုရမယ်။ ကျွန်တော်ရာထူးတိုးပြီးတဲ့နောက် မိန်းမက အိမ်ထောင့်တာဝန်ကို လုံးဝပုခုံးပြောင်းယူလိုက်တယ်။ ကျွန်တော့်အလုပ်က မကြာခဏ အချိန်ပိုဆင်းရတယ်။ မကြာခဏ ခရီးထွက်ရတယ်။ တစ်ခါတလေ ခရီးထွက်ရင် တစ်လလောက်ကြာတတ်တယ်။ ခရီးထွက်သူတိုင်းက အိမ်မှာကျန်ခဲ့တဲ့ မိသားစု၊ သားသမီးတွေကို စိတ်ပူတတ်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပဲ။ လူကြီးသူမ၊ ကလေးတွေကို ကျွန်တော့်မိန်းမ ဂရုစိုက်စောင့်ရှောက်လိမ့်မယ်ဆိုတာ သိထားလို့ဖြစ်တယ်။ တကယ်တော့ ကျွန်တော့်မိန်းမကို အားကျကြတဲ့လူတွေက ကျွန်တော့်ကိုအားကျကြတဲ့လူတွေလောက် များတယ်။ လူတွေရဲ့အကြည့်မှာ သူဟာ ဘာမှ ပူပင်ကြောင့်ကျစရာမလိုတဲ့လူ၊ တိုက်ရှိ ကားရှိပြီး အရာရာပြည့်စုံတဲ့လူ၊ လင်ယောက်ျားချစ်မြတ်နိုးသူလို့ မြင်ကြတယ်။ တကယ်လည်း ရိုမန်တစ်ဆန်ဆန် အချစ်တွေကို ကျွန်တော်တို့ နားမလည်ပေမယ့် ကျွန်တော်တို့အိမ်ထောင်ရေး သာယာခဲ့တယ်။
ကျွန်တော့်မိန်းမက ဆေးကုမ္ပဏီမှာလုပ်ဖူးတော့ ဘယ်လိုဖြစ်ဖြစ် ဆေးပညာဗဟုသုတကို ကျွန်တော်ထက် သူနားလည်တယ်လို့ ဆိုရမယ်။ ဒီလိုအရေးပြားပေါ် မထင်မှတ်ဘဲ ရုတ်တရက်ပေါ်လာတဲ့ မယားမနာ မှဲ့နက်တွေဟာ တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို သူသိတယ်။ ဒီလိုနဲ့ သူကိုယ်တိုင် ဆေးရုံသွားပြီး စစ်ဆေးကြည့်တော့ အရေပြားကင်ဆာလို့ အဖြေရတယ်။ အဲဒီအဖြေက ကျွန်တော်တို့အားလုံးကို ချောက်ချားတုန်လှုပ်စေခဲ့တယ်။ သူ့ကို ကျွန်တော်အဖော်ပြုပြီး အကောင်းဆုံးဆိုတဲ့ ဆေးရုံတွေမှာ သွားရောက်စစ်ဆေးခဲ့တယ်။ ဆေးရုံတိုင်းရဲ့ အဖြေကတူနေတယ်။ နာမည်ကြီးဆရာဝန်တစ်ယောက်က ဒီလို ကင်ဆာမျိုးရဲ့သေဆုံးနှုန်းဟာ ၉ဝ%ဖြစ်တယ်၊ ဒါဟာ အရေပြားကင်ဆာထဲမှာ အဆိုးဝါးဆုံးတစ်မျိုးလို့ ကျွန်တော့်ကို ပြောပြတယ်။
သိပ်မကြာပါဘူး... ဆရာဝန်တွေ ခန့်မှန်းသလိုပဲ သူ့ခြေထောက်၊ သူ့လက်မောင်းနဲ့ နောက်ကျောတွေမှာ မှဲ့နက်တွေ အဆက်မပြတ်ထွက်လာခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ရော၊ စိတ်ဓာတ်ပါ တဖြည်းဖြည်း ချိနဲ့လာခဲ့တယ်။
ကျွန်တော်မှတ်မိသလောက် အရင်က ကျွန်တော်မကြာခဏ ဖျားနာတတ်ပေမယ့် ကျွန်တော့်မိန်းမက ဖျားနာခဲသူပါ။ ခုတော့ အားအားမနေတတ်သူတစ်ယောက်က လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့ရပြီ။
သူမရှိတဲ့အိမ်က တိတ်ဆိတ်ခြောက်ကပ်လို့ နေတယ်။ မီးဖိုချောင်ဟာလည်း ရေနွေး၊ ရေငွေ့ကင်းစင်လို့ အိမ်အသုံးအဆောင်တွေလည်း ဖုန်တွေကပ်ငြိလို့ နေခဲ့ပြီ။ အရင်က တောက်ပခဲ့တဲ့ နေရာလေး၊ အပြင်က ပြန်ရောက်တိုင်း နွေးထွေးလုံခြုံခဲ့တဲ့နေရာလေးက ခုတော့ ကျွန်တော်မမှတ်မိလောက်အောင် ပြောင်းလဲခဲ့တယ်။
အိမ်ကအသုံးအဆောင် တော်တော်များများနဲ့ ကျွန်တော်စိမ်းခဲ့တယ်။ ထမင်းတစ်အိုးတည်ဖို့၊ ဟင်းတစ်ခွက်ချက်ဖို့ ကျွန်တော်အတွက် အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်ဖျော်တဲ့ ကော်ဖီရဲ့အရသာ၊ ကျွန်တော်ပြုတ်တဲ့ ခေါက်ဆွဲအရသာက သူချက်တဲ့ အရသာနဲ့ တခြားစီဖြစ်နေတယ်။ အရင်က သူအလွယ်တကူ ကမ်းပေးတတ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခုတော့ ဘယ်လိုရှာရှာ ကျွန်တော်ရှာမတွေ့ခဲ့ဘူး။
သူဆေးရုံတက်တဲ့နေ့ကစပြီး ကျွန်တော်အလုပ်က ခွင့်ယူခဲ့တယ်။ နေ့နေ့ညည အတတ်နိုင်ဆုံး သူ့အနားမှာပဲ ကျွန်တော်နေခဲ့တယ်။ ဒီအချိန်ကျမှာ တကယ်လို့ အိမ်တစ်အိမ် မရှိရင်၊ တကယ်လို့ အဲဒီအိမ်မှာ ကြင်နာတဲ့အိမ်ထောင်ရှင်မတစ်ယောက် မရှိရင် ယောက်ျားဖြစ်သူဟာ ပိုက်ဆံဘယ်လောက်ပဲရှာရှာ၊ နာမည်ဘယ်လောက်ပဲကြီးကြီး ဒါတွေအားလုံးဟာ ဗလာဆိုတာကို ကျွန်တော်နားလည်လာခဲ့မိတယ်။
သု့ရောဂါ တဖြည်းဖြည်း ဆိုးဝါးလာချိန်မှာ မိတ်ဆွေတစ်ဦးက မြို့တစ်မြို့မှာ အရေပြားကင်ဆာ အထူးကူဆရာဝန်တစ်ဦးရှိကြောင်း ကျွန်တော့်ကို ပြောပြတယ်။ ဒီလိုရောဂါမျိုးကို အဲဒီဆရာဝန် ကုသပျောက်ကင်းခဲ့ဖူးတယ်လို့လည်း ဆိုတယ်။ ဒါပေမယ့် ကုသစရိတ်ကြီးမယ်၊ တစ်ခါကုရင် ၃လကြာတယ်လို့ဆိုတယ်။ မိန်းမကို ဒီအကြောင်း ကျွန်တော်ပြောပြတော့ ရောဂါဝေဒနာဖိစီးနေတဲ့ကြားက စကားတစ်ခွန်းကို သူရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။
"ခင်.. အသက်ရှင်ပါရစေ"
တကယ်ပါ.. ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အရင်က ဘယ်လောက်ချစ်ကြတယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားကို သူပြောလိုက်တဲ့တခဏမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာအချစ်ဆုံး၊ လင်မယားလုပ်ဖို့ အသင့်တော်ဆုံး၊ ခုလို အတူတူပေါင်းသင်းရတာ ကံအကောင်းဆုံးဆိုတာကို ကျွန်တော်သိလိုက်တယ်။ သူအသက်ရှင်ရမယ်၊ သူ့ကို ကျွန်တော် အသက်ရှင်စေရမယ်။ ကျွန်တော်တို့အတူ တဖြည်းဖြည်းအိုမင်းပြီး သားသမီးရဲ့သားသမီးတွေ "ဘိုးဘိုး.. ဘွားဘွား"လို့ခေါ်တဲ့အသံကို အတူတူနားထောင်ကြမယ်။ သူ့ကို အဲဒီဆရာဝန်နဲ့ဆေးကုဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အလုပ်မှာ ခွင့်ရက်ရှည်တင်တော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တီးတိုးစကားကို ကျွန်တော်ကြားခဲ့ရတယ်။
"တကယ်လို့ ကျွန်တော်သာဆိုရင် ကုမနေတော့ဘူး။ နည်းတဲ့ ဆေးကုခမှ မဟုတ်တာ။ ကုလို့မရရင် ပိုက်ဆံကုန် လူပန်းတာပဲ အဖတ်တင်တယ်"
ဒီလိုစကားမျိုးပြောသူတွေဟာ ကိုယ့်ရဲ့အရင်းနှီးဆုံးလူ လောကကြီးထဲကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့ ခံစားချက်ကို မခံစားဖူးသေးလို့ဖြစ်မယ်။ ဒီငွေကြေးလေးက လူတစ်ယောက်အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကိုလည်း သိပုံမရလို့ဖြစ်မယ်။ ကုသစရိတ်ဘယ်လောက်ကြီးကြီး သူသာ အသက်ရှင်မယ်ဆိုရင် အိမ်ရောင်း၊ ကားရောင်းပြီးလည်း ကျွန်တော်ကုမယ်။
အဲဒီမြို့ကို ဆေးသွားမကုခင် လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေ ကျွန်တော်လိုက်ဝယ်ခဲ့တယ်။ ပွဲတော်ရက် နီးလို့လားမသိဘူး ဈေးတွေ၊ ကုန်တိုက်တွေမှာ မိသားစုအလိုက် ပျော်ပျော်ရွှင်ရွှင် ဈေးဝယ်နေသူတွေတွေ့တော့ ကျွန်တော်ဟာ အပျော်တွေနဲ့ ခွဲခြားခံထားရသူလို့ ထင်မိတယ်။ အပျော်၊ အပြုံးတွေဆိုတာ ကျွန်တော့်မိန်းမ ရောဂါစဖြစ်ကတည်းက ကျွန်တော်နဲ့ မဆိုင်တော့သလိုပါပဲ။
မိန်းမရေးပေးတဲ့ စာရင်းအတိုင်း ကျွန်တော်ပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ်။ အိတ်တွေဆွဲပြီး ဆိုင်ကထွက်တော့ အိတ်တွေအရမ်းလေးတာကို သတိထားမိတယ်။ ဒီလောက်နှစ်တွေအကြာကြီး တစ်အိမ်လုံးအတွက် လိုအပ်တဲ့အသုံးအဆောင်တွေ ဝယ်ခဲ့တဲ့သူ၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး ဘယ်လောက်ပေးရမှန်း မသိတဲ့ကျွန်တော်၊ ဆိုင်ကနေအိမ်အထိ လေးလံတဲ့ပစ္စည်းတွေကို သူဘယ်လိုသယ်ခဲ့သလဲ ကျွန်တော်လုံးဝ မသိခဲ့ရပါဘူး။ အိမ်တစ်အိမ်လုံးရဲ့ထုတ်ဟာ ကျွန်တော်ပါလို့ ကျွန်တော်ထင်ခဲ့တယ်။ သူလဲကျချိန်ရောက်မှ ဒီအိမ်မှာ သူသာလျှင် အရေးပါဆုံးဆိုတာကို ကျွန်တော်သိလိုက်ရတယ်။
ဆေးသွားကုတဲ့မြို့လေးမှာ မင်္ဂလာဆောင်ပြီးစကလို နေ့ရက်တွေကို ကျွန်တော်တို့ ကြင်ကြင်နာနာ ဖြတ်သန်းခဲ့ကြတယ်။ ၃လအတွင်းမှာ မခွဲမခွာအတူနေခဲ့ကြတယ်။ အတူတူ ရယ်မောခဲ့ကြတယ်၊ အတူတူ ငိုကြွေးခဲ့ကြတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းကပ်ပြီး စကားမပြောဖြစ်ခဲ့တာ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီမှန်း ကျွန်တော်မမှတ်မိတော့ဘူး။
ကုသတဲ့ပထမတစ်လအတွင်းမှာ သူနည်းနည်း သက်သာလာတယ်။ တစ်ခါတလေ သူ့ကိုတွဲပြီး ပန်းခြံထဲ ကျွန်တော်တို့ လမ်းလျှောက်ကြတယ်။ ကျွန်တော်တို့မြို့ရဲ့ ပန်းခြံဝရှေ့မှာ သူနဲ့ပထမဆုံးအကြိမ် ဆုံခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောကြတယ်။ ပထမဆုံးအကြိမ်ကြည့်ခဲ့တဲ့ "Last Fillings"ရုပ်ရှင်အကြောင်းကို ပြောကြတယ်။ ဒါတွေဟာ ဟန်းနီးမွန်းအချိန်ပြောကြတဲ့ စကားတွေပါ။ ခုချိန်မှာ ဒါတွေကို အောင်းမေ့ရတော့ ရင်ထဲပိုနာကြင်ကြေကွဲရတယ်။ မင်္ဂလာဆောင်ပြီး နှစ်တွေအကြာကြီးထဲမှာ ကျွန်တော်တို့ အခုလို စကားများများ မပြောဖြစ်ခဲ့ကြဘူး။
၃လအတွင်းမှာ တဖြည်းဖြည်း နွမ်းလျလာတဲ့သူ့ကို ကျွန်တော်မကြည့်ရက်ခဲ့ဘူး။ အထူးကုသနည်းတွေက သူ့အတွက် အသုံးမဝင်ခဲ့ဘူး။ ဆန်ပြုတ်တစ်ဇွန်းသောက်ဖို့ကို သူတော်တော်အားစိုက်ခဲ့ရတယ်။ နောက်ဆုံး "အိမ်ပြန်ရအောင်"လို့ ကျွန်တော့်ကို သူပြောတယ်။ ဒီလိုနဲ့ မျှော်လင့်ချက်မဲ့စွာ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြတယ်။
အိမ်ပြန်ရောက်ပြီးနောက် တစ်နေ့ထက်တစ်နေ့ သူအင်အား ပိုမဲ့လာခဲ့တယ်။ ကင်ဆာသမားတွေ အကြောက်ရဆုံး နာကျင်ခံစားမှုကို သူစခံစားနေရတယ်။ ညတိုင်း သူအိပ်မပျော်ခဲ့ဘူး။ နာကျင်တာတွေ ကြိတ်ခံပြီး သူညည်းညူနေခဲ့ရတယ်။ အနာခံဆေးတွေလည်း မတိုးတော့ပါဘူး။ သူ့အစား ကျွန်တော်ခံစားပေးချင်လိုက်တာ။ သူခံစားနေတာတွေကို ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ခဲ့ဘူး။
တစ်ခါတလေ ဝေဒနာသက်သာချိန်မှာ အိမ်ဝတ်ကိစ္စအဝဝကို သူမှာတတ်တယ်။ အဲဒီအချိန်ကျမှ သူဟာ ဒီနေအိမ်အတွက်၊ ဒီမိသားစုအတွက် ဘယ်လောက်စေ့စပ်၊ ဘယ်လောက် အလုပ်ရှုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်နားလည်လိုက်တယ်။ ပြီးတော့ ကျွန်တော်ကြိုက်တတ်တဲ့ အစားအစာတွေ ဘယ်ဆိုင်မှာ ရနိုင်ကြောင်း၊ ကျွန်တော်ဝတ်နေကျ အင်္ကျီဟာ ဘာနံပါတ်၊ ဘယ်တံဆိပ်ဖြစ်ကြောင်း ဘယ်ဆိုင်မှာဝယ်နိုင်ကြောင်း ပြောပြတယ်။ မဆုံးခင်သုံးရက်အလိုမှာ အဝတ်လျှော်စက်ကို ဘယ်လိုသုံးကြောင်း ကျွန်တော့်ကို သူ သင်ပြသွားခဲ့သေးတယ်။
မဆုံးခင်ရက်အတွင်းမှာ ကျွန်တော်နဲ့လက်ထပ်ရလို့ သူပျော်ရွှင်တဲ့အကြောင်းတွေပါ ပြောသွားသေးတယ်။ ဆေးသွားကုတဲ့ ၃လဟာ သူ့တစ်သက်မှာ အပျော်ဆုံးနေ့ရက်တွေပါတဲ့။ အဲဒီ ၃လဟာလည်း ကျွန်တော်ဘဝမှာ တန်ဖိုးအရှိဆုံး အချိန်တွေပါ။ ၃လအတွင်းမှာ ရာထူးတိုးဖို့အခွင့်အရေး၊ ငွေကြေးတွေကို ကျွန်တော် လက်လွတ်ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် မိန်းမနဲ့အတူနေခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အဲဒါတွေဟာ အပိုပစ္စည်းဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ကိုယ်ချစ်တဲ့သူနဲ့ ရင်းရင်းနှီးနှီး စိတ်ချင်းဆက်ပြီး ၃လ ကျွန်တော်နေခဲ့နိုင်သေးတယ်။
ဆုံးတဲ့နေ့မှာ သူတည်တည်ငြိမ်ငြိမ်ပဲ ထွက်သွားခဲ့တယ်။ သားကို "မေမေတခြားနေရာသွားပြီး ဖေဖေတို့ကိုစောင့်နေတာ၊ ဖေဖေတို့လည်း မေမေနဲ့တွေ့ဖို့ အဲဒီနေရာကို တစ်ချိန်ချိန်မှာ သွားကြရလိမ့်မယ်" လို့ ကျွန်တော်ပြောပြတယ်။
သူဆုံးပြီးနောက်ပိုင်း တခြားမိသားစုတွေ ပျော်ပျော်ပါးပါး သွားလာနေတာကို ကျွန်တော်မကြည့်ရဲခဲ့ဘူး။ သူနဲ့ ပထမဆုံးအကြိမ်ဆုံခဲ့တဲ့ ပန်းခြံလေးရှေ့ဖြတ်တိုင်း၊ ရုပ်ရှင်ရုံရှေ့ဖြတ်တိုင်း၊ ဈေးဝယ်အတူထွက်ခဲ့တဲ့ ကုန်တိုက်ရှေ့တွေဖြတ်တိုင်း ကျွန်တော်မအောင့်နိုင်ဘဲ မျက်ရည်ကျမိတယ်။ အဝတ်လျှောက်စက်သုံးတိုင်း၊ ထမင်းဟင်းချက်တိုင်း၊ သားကို အဝတ်လဲပေးတဲ့အခါတိုင်း၊ အလုပ်နောက်ကျဆင်းလို့ ခေါက်ဆွဲပြုတ်စားတဲ့ ညတိုင်း၊ ညသန်းခေါင် နိုးလာတဲ့အခါ အိပ်ရာဘေးက ဟာလာဟင်းလင်းဖြစ်နေတဲ့ နေရာကိုမြင်တိုင်း ကျွန်တော်ငိုမိတယ်။ သူရှိနေတဲ့အချိန်မှာ ဒါတွေကို ကျွန်တော် မခံစားတတ်ခဲ့ဘူး၊ ဒါတွေကို ခံစားရကောင်းမှန်းလည်း မသိခဲ့ဘူး။ သူမရှိတော့မှ ကောင်းကင်တစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ..
အရင်က ကြည့်ခဲ့တဲ့ရုပ်ရှင်တွေထဲမှာ ချစ်သူဆုံးလို့ ငိုတဲ့ယောက်ျားတွေကိုတွေ့တိုင်း ဒါဟာ သရုပ်ဆောင်ချက်သက်သက်လို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ငိုနေရပြီ။ လမ်းဘေးမှာရပ်ထားတဲ့ သွေးလှူကားတွေကို မြင်တိုင်း သူ့ကို ကျွန်တော်သတိရမိပြန်တယ်။ ကျွန်တော်သွေးလှူပြီး အိမ်ပြန်ရောက်တာနဲ့ သွေးအားကောင်းစေမယ့် ဟင်းတွေကို သူချက်ထားတတ်တယ်။ သားကိုလည်း "ဒီအိမ်မှာ ပိုက်ဆံရှာရတဲ့ ဖေဖေက အပင်ပန်းဆုံး ဒါကြောင့် ဖေဖေက အရေးအပါဆုံး" လို့ ပြောပြတတ်တယ်။ တကယ်တော့ သူသာလျှင် အရေးပါဆုံး လူတစ်ယောက်ပါ။ သူမရှိတော့ ကျွန်တော်တို့သားအဖမှာ ပျော်ရွှင်ခြင်းကို စွန့်လွတ်လိုက်ရတယ်။
သူဆုံးတော့ သူအုတ်ဂူမှတ်တိုင်မှာ "ချစ်ဇနီး"လို့ ကျွန်တော်ရေးထိုးခဲ့တယ်။ ကျွန်တော်ဟာ ရင်ထဲကခံစားချက်ကို အလွယ်တကူ လှစ်ဟပြတတ်သူ မဟုတ်ခဲ့ဘူး။ သမီးရည်းစားဖြစ်တုန်းကလည်း သူ့ကို "ချစ်"ကြောင်း ကျွန်တော်သိပ်မပြောဖြစ်ခဲ့ဘူး။ အခုတော့ အဲဒီ"ချစ်"ဆိုတဲ့စာလုံးကို အုတ်ဂူပေါ်မှာပဲ ရေးထိုးပေးနိုင်ခဲ့တော့တယ်။ မိန်းကလေးတိုင်းက "ချစ်တဲ့အကြောင်းကို" သူချစ်တဲ့လူရဲ့ ပါးစပ်ထဲကနေ ထွက်လာတာကိုပဲ နားထောင်ချင်ခဲ့ကြတယ်။ သူမျှော်လင့်တဲ့အချိန်၊ သူကျန်းမာတဲ့အချိန်မှာ ဘာဖြစ်လို့ ကျွန်တော်မပြောခဲ့ရတာလဲ!
အခုချိန်မှာ ကျန်းမာပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားတွေကို ကျွန်တော်မှာချင်ပါတယ်။ ခင်ဗျားတို့ရဲ့ မိန်းမကို ခင်ဗျားတို့ ကောင်းကောင်းချစ်ပါ။ မိန်းမအတွက် အချိန်အနည်းငယ် ချန်ထားပေးကြပါ။ ခင်ဗျားအတွက် သူလုပ်ပေးသမျှကို လျစ်လျူမရှူလိုက်ကြနဲ့။ ဆုံးရှုံးသွားမှ သူ့အလှအပ၊ သူ့ကောင်းကွက်ကို မနှမြောကြနဲ့...
ဇနီးမယား၊ မိန်းမဆိုတာ လောကကြီးမှာ ခင်ဗျားကို အချစ်ဆုံး၊ နားအလည်ဆုံးလူပါ။ ခင်ဗျားအတွက် အရာရာကို စွန့်ရဲတဲ့သူပါ၊ ဘယ်ယောက်ျား မိန်းမအချစ်တွေနဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့အချစ်ကို မနှိုင်းယှဉ်ကြပါနဲ့လို့ ......
Subscribe to:
Posts (Atom)